အဝလွန်သူတွေ မောမောနေရတာ ဘာကြောင့်လဲ
ဝမှလှတယ် လို့ပြောကြတဲ့ ဝဝလှလှ lady လေးတွေ ဘယ်နှစ်ယောက်များ မောနေကြပြီလဲ? One pack နဲ့ အမျိုးသားထုကြီးကော မောပန်းနေကြ ပြီလား?
ဘယ်လိုပဲ ဝမှလှတယ် ပြောပြော၊ ဘယ်လိုပဲ one pack နဲ့ ခန့်ညားတယ် ဆိုဆို ကျန်းမာရေးဟာ ခေါင်ချုပ်ကြီး ဖြစ်တာကြောင့် အမောခံပြီး အလှ မကြိုက်ပါနဲ့တော့ ။ ဝ နေလို့ အနှိမ်ခံနေရတဲ့ သူတွေကလဲ မခံချင်စိတ်နဲ့ အရင်ဆုံး စနစ်တကျ ဝိတ်လျော့ပြီး မောပန်းမှုတွေရဲ့ အဝေးမှာ နေလိုက်ရအောင်လား?
အဝလွန်တယ်ဆိုတာ ဘာလဲ?
အဝလွန်တယ်ဆိုတာ မိမိ ကိုယ်ခန္ဓာအလေးချိန် ( ကီလိုဂရမ် ) ကို မိမိရဲ့အရပ် ( မီတာ) နှစ်ခါ မြှောက်ပြီးသားနဲ့ စားရင် ထွက်လာတဲ့ အဖြေဟာ 30 ထက် ကျော်တာကို ခေါ်ပါတယ်။ အဲ့ဒါကို Body Mass Index (BMI) လို့လဲ ခေါ်ကြပါသေးတယ်။ ကမ္ဘာ့လူဦးရေရဲ့ 1.6 ဘီလီယံကျော်ဟာ ကိုယ်အလေးချိန် မြင့်တက်နေကြပြီး သန်းပေါင်း 400 ကတော့ အဝလွန်ခြင်းကို ခံစားနေရပါတယ်။
အဝလွန်သူတွေ မော...မောနေရတာ ကျန်းမာရေးရှုထောင့်က ဘာတွေ သိထားသင့်လဲ?
အဝလွန်သူတွေမှာ အဓိကအားဖြင့် တစ်ခုခု လှုပ်လှုပ်ရှားရှား အားစိုက်ရတဲ့ အရာတွေ လုပ်ရင် မောလာတာ၊ အိပ်ပျော်သွားတာနဲ့ လည်ပင်းတစ်ဝိုက် အဆီတွေများနေလို့ အသက်ရှူလမ်းကြောင်း ပိတ်သွားပြီး ဟောက်တာ ၊ အသက်ရှူတာ ပုံမှန်ထက်နှေးနေတာ၊ ပန်းနာရင်ကြပ်ရောဂါနဲ့ နာတာရှည် အသက်ရှူလမ်းကြောင်း ကျဥ်းမြောင်းပိတ်ဆို့တာကို ပိုဆိုးစေတာ ၊ သွေးခဲတွေက အဆုတ် ရဲ့ သွေးကြောတွေမှာ ပိတ်ဆို့ပြီး အောက်စီဂျင် ကောင်းကောင်း မရတော့တာ၊ အဆုတ်ပိုးဝင်တာ စတဲ့ အသက်ရှုလမ်းကြောင်း ပြဿနာတွေနဲ့ ရင်ဆိုင် နေကြရပါတယ်။
ဒီပြဿနာတွေကြောင့်လဲ အသက်ရှူလမ်းကြောင်းထဲ အသက်ရှူပိုက်ထည့်ပြီး မေ့ဆေးပေး ခွဲစိတ်ရမယ့် အခြေအနေတွေမှာ အဝလွန်သူတွေဟာ ပုံမှန်ထက် အသက်အန္တရာယ် ပိုရှိနေတာဟာ စိတ်ပူပင်စရာ ဖြစ်ပါတယ်။ အဝလွန်ခြင်းဟာ Centre ကျကျ ကိုယ်ခန္ဓာ အလယ်ပိုင်း အဓိက ဝတဲ့ Central obesity နဲ့ ခန္ဓာကိုယ် ဘေးဖက် လက်၊ခြေ အစရှိသည်တို့မှာ ဝတဲ့ Peripheral obesity ဆိုပြီး နှစ်မျိုးရှိပါတယ်။
Central obesity ကို အမျိုးသားတွေမှာ အတွေ့ရများပြီးတော့ အဆီတစ်ရှူးတွေဟာ ကိုယ်ခန္ဓာအရှေ့ဖက် ရင်ဘတ်နဲ့ ဗိုက်တွေ၊ ကိုယ်တွင်း ကလီဆာတွေမှာ ပိုရှိပါတယ်။ Peripheral obesity ကတော့ ခန္ဓာကိုယ်ဘေးဖက်မှာ အဓိက အဆီတွေ ပုံတာ ဖြစ်ပြီး အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။
ကိုယ်ခန္ဓာအရှေ့ဖက် ရင်ဘတ်တွေမှာ အဆီတွေ ပုံလာတဲ့အခါ ရင်ဘတ်အောက်က အသက်ရှူရာမှာ အကူအညီပေးတဲ့ ကြွက်သားတွေရဲ့ လှုပ်ရှားနိုင်မှု စွမ်းရည် လျော့ကျလာပါတယ်။ ဒါကြောင့် အသက်ရှူတဲ့ အခါမှာ ပုံမှန်ထက် အားစိုက်ထုတ် ရတဲ့အတွက် မောလာတာကို ဖြစ်စေပါတယ်။
ဗိုက်နဲ့ ကိုယ်တွင်းကလီဆာတွေမှာ အဆီတွေများနေတဲအခါ အဆုတ်ရဲ့ အောက်ဖက်မှာရှိတဲ့ Diaphragm လို့ခေါ်တဲ့ အသက်ရှူကြွက်သား လှုပ်ရှားမှုကို အနှောက်အယှက်ပေးပါတယ်။ ဒါကြောင့် အသက်ရှူသွင်းတိုင်း အဆုတ်ကောင်းကောင်း ပြန့်ကားလို့ရအောင် အဆုတ်အောက်ဖက်က ဝမ်းဗိုက်ပိုင်းကို ဆင်းသွားပေးတဲ့ အသက်ရှူကြွက်သားဟာ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ အဆုတ်ကောင်းကောင်း မပြန့်ကားနိုင်တဲ့အခါ အောက်စီဂျင်အရနည်းပြီး ပိုမောလာစေပါတယ်။
အဝလွန်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သွေးကြောတွေမှာ အဆီတွေပုံ၊ ကျဥ်းမြောင်းလာရာကနေ နှလုံးသွေးကြောကျဥ်း ရောဂါ ဖြစ်စေရာကလဲ မောနေရခြင်းရဲ့ အကြောင်းရင်း တစ်ခု ဖြစ်လာစေပါတယ်။
ဒီလိုမျိုး ကျန်းမာရေးအတွက် ဘေးဥပါဒ်တွေ အရမ်းများတဲ့ အဝလွန်ခြင်းကို စနစ်တကျ ကုသဖို့တော့ လိုပြီနော်။ မိတ်ဆွေတို့ကော ဒီလိုမျိုး မောတာမျိုးတွေ ကြုံတွေ့ရဖူးလား? ဘယ်လိုရင်ဆိုင် ကျော်ဖြတ်ခဲ့ကြသလဲ ဝေမျှပေးခဲ့ကြပါဦးနော်။
ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်